ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်တာမရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၅၀ နီးပါးကို အရေးယူထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကိုစစ်ဆေးခဲ့ရာ မိသားစုလွှဲပို့ငွေစာရင်းစစ်ဆေးခံဖို့ပျက်ကွက်တဲ့ အေဂျင်စီ ၈ ခု ၊ အထောက်အထားတင်ပြနိုင်တာမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ သတ်မှတ်ရာခိုင်နှုန်းပြည့်မီစွာ အထောက်အထားမတင်ပြနိုင်တဲ့ အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူတာတွေဆောင်ရွက်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီလို ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်တာမရှိတဲ့ အေဂျင်စီတွေကို ပြည်ပကိုအလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာ အသစ်တင်ခွင့်ဆိုင်းငံ့ တာတွေနဲ့ ဒဏ်ကြေးငွေပေးဆောင်ခိုင်းတာစတဲ့ အရေးယူမှုတွေဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အရေးယူခံရတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့မိသားစုလွှဲပို့ငွေစာရင်း အထောက်အထားတင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင်စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာအသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်ပရောက်မြန်မာအလုပ်သမားတွေအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ခလစာတွေကို လွှဲပြောင်းပေးပို့ဖို့ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ထွက်ခွာမှုကာလ အကန့်အသတ်နဲ့ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြု တာ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုတာ စတာတွေအပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။