မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ ကုန်သွယ်ရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခစတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီး အမျိုးသမီးတွေရဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှုအရည်အသွေးတွေ တစ်နေ့တခြားလိုအပ်မှုရှိလာတာကိုတွေ့ရတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီး ဒေါ်ကြူကြူလှကပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်ကနေ ၂ဝ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက်အမျိုးသမီးများကဏ္ဍ” ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက်ယူရေးရှားအမျိုးသမီးဖိုရမ်ကို ဗီဒီယိုမိန့်ခွန်းပေးပို့ရာမှာ အခုလိုပြောကြားခဲ့တာပါ။

မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ လိုအပ်လာတဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှု၊ နည်းပညာကဏ္ဍဖွံ့ဖြိုးမှု စတဲ့စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းစတဲ့ အသင်းအဖွဲ့တွေအနေနဲ့ အမျိုးသမီးတွေ၊ မိခင်လောင်းတွေ၊ အမျိုးသမီးငယ်ရွယ်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးဘိုးဘွားတွေရဲ့ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကိုကူညီစောင့်ရှောက်နေသလို မိမိအနေနဲ့ ဂုဏ်ထူးဆောင်နာယကအဖြစ် လမ်းညွှန်ပါဝင်ဆောင်ရွက်နေတယ်လို့ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တဲ့အတွက် ကမ္ဘာ့အမျိုးသမီးတွေနဲ့အတူ မြန်မာအမျိုးသမီးတွေလည်း ယုံကြည်မှုနဲ့ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကအခန်းကဏ္ဍကနေပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။