မြန်မာ့တပ်မတော်နဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမှာဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်တာကို မျက်မြင်သက်သေခံသွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ကွမ်ကျားကွင်က ပြောပါတယ်။ဧပြီ ၂၂ ရက်က ကျင်းပပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ သတင်း ထောက်တစ်ယောက်ရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့တာပါ။

တရုတ်-မြန်မာ နှစ်နိုင်ငံဟာ အစဉ်အလာမိတ်ဖက်နိုင်ငံတွေဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းတာဟာ နှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီပြီးတော့ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို အလေးထား လေးစားတယ်လို့ မစ္စတာ ကွမ်ကျားကွင်က ပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံက မြှင့်တင်ဖော်ဆောင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ တက်ကြွစွာ ပံ့ပိုးကူညီ နေတယ် လို့ ဆိုပါတယ်။ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့ သဘောတူညီချက်တွေကို အကောင် အထည်ဖော်နိုင်ဖို့ နှစ်ဖက် ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံဟာ မကြာသေးမီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည့် ရေးအဖွဲ့ကို မြန်မာနိုင်ငံ လားရှိုးမြို့ကို စေလွှတ်ခဲ့တယ်လို့လည်း မစ္စတာ ကွမ်ကျားကွင်က ပြောပါတယ်။

သက်ဆိုင်တဲ့ နှစ်ဦးနှစ်ဖက်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်း ရာမှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကို ချီးကျူးကြောင်းနဲ့ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။နောက်တစ်ဆင့်မှာ တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ် တိုးတက်အောင် ဆက် လက် လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ဆွေးနွေးပွဲတွေကို လည်း လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ဘက်အသီးသီးနဲ့အတူ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ကွမ်ကျားကွင်က ပြောကြားခဲ့ပါတယ်။