မန္တလေးမြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ရုရှားနိုင်ငံက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တွေဟာ ဧပြီ ၉ ရက် ညနေပိုင်းက စုရပ်ဖြစ်တဲ့ မန္တလာသီရိအားကစားကွင်းကနေ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်မထွက်ခွာမီမှာ တာဝန်ရှိသူတွေက ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ကာ အမှတ်တရပစ္စည်းတွေ အပြန်အလှန်လှဲလှယ်ခဲ့ကြပါတယ်။ ရုရှားကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားပေမယ့် ရုရှားဆေးကုသရေးအဖွဲ့တွေကတော့ ဆက်လက် ကျန်ရှိနေမှာဖြစ်ပြီး ယာယီ ဆေးရုံကိုလည်း ဆက်လက်ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။

အဲဒီရုရှားနိုင်ငံရှာဖွေတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂၉ ရက်က သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း၊ အမှုထမ်း ၁၂၀ နဲ့အတူ ရှာဖွေကယ်ဆယ်ရေးခွေးတွေပါ ရောက်ရှိခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ရုရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မန္တလေးမြို့မှာ ငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ Great Wall ဟိုတယ်၊ ကျူးလစ်ဟိုတယ်၊ ဝင်းစတားဟိုတယ်၊ သိမ်ဖြူဟိုတယ် စတဲ့နေရာတွေအပါအဝင် မန္တလေးမြို့ပေါ်က ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ လူနေတိုက်တာတွေမှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။