ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား၊ တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးရီ တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ် ပြီး ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေ နဲ့ တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်တွေ နဲ့ တရုတ် သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး အွန်လိုင်းအသုံးပြု လောင်းကစားမှုတွေ နဲ့ ဆက်သွယ်ရေး လိမ်လည်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို နှစ်နိုင်ငံ ပူးပေါင်းတားဆီးနှိမ်နင်းရေး ကိစ္စရပ်တွေ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။အဲဒီအပြင် မြန်မာနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့အတွက် ကူညီကယ်တင်ပေးဖို့ မေတ္တာရပ်ခံထားတဲ့ တရုတ် နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ အခြေအနေနဲ့ သူတို့ကို ကူညီကယ်တင်/လွှဲပြောင်းနိုင်မှု အခြေအနေတွေ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူပြည်နှင်လွှဲပြောင်းမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ကရင်ပြည်နယ်၊ မြဝတီနယ်မြေအတွင်း တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှု မြဝတီဒေသရှိ အွန်လိုင်းအသုံးပြု လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေး ကိစ္စရပ်တွေ ကိုပါ ဆွေးနွေးကြပါတယ်။အဲဒီနောက်မှာတော့ နှစ်နိုင်ငံ ဝန်ကြီးဌာန ၂ ခုအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ နဲ့ အနာ ဂတ်မှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။