မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့အကြား စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ် ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူစာချုပ်စာတမ်း ၉ ခုကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးမှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတာပါ။

ကော်မရှင် အစည်းအဝေးရဲ့ သီးသန့်အစည်းအဝေးကို နစက အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောနဲ့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က အထူးဖိတ်ကြား ထားသူတွေအဖြစ် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဝန်ကြီးနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ မြန်မာဘက်က ပူးတွဲကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာ စကားပြောကြားရာမှာ အခုအစည်းအဝေးရဲ့ ဆွေးနွေးမှု ရလဒ်တွေနဲ့ သဘောတူညီချက်တွေကတစ်ဆင့် နှစ်နိုင်ငံ အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ အားကောင်းလာပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက် ကာ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ရုရှားဘက်က ပူးတွဲကော်မရှင် ဥက္ကဋ္ဌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင်းရယ် ရှဲသငြိ ကော့ဗ်က မြန်မာစီးပွားရေးလုပ်ငန်းတွေကို ရုရှားဈေးကွက်က ကြိုဆိုနေပြီး ရှရှား-မြန်မာ စီးပွားရေး ဖိုရမ်ကို လည်း ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်း ဆက်သွယ်မှုကွန်ရက်တွေကို တိုးချဲ့ နိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်က မြန်မာ-ရုရှား ကုန် သွယ်မှု ပမာဏ တိုးမြင့်ရေးအတွက် စွမ်းအင်၊ နျူကလီးယားနယ်ပယ်၊ စိုက်ပျိုးရေးနဲ့ သတ္တုကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုတွေကို နှစ်နိုင်ငံအလေးထား ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့ နှစ်နိုင်ငံသဘောတူစာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းတွေက တာဝန်ရှိပုဂ္ဂိုလ်တွေက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။