မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံတို့အကြား အကျိုးတူကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မကြာခင် ကာလအတွင်း အခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။မတ်လ ၄ ရက် ဒေသစံတော်ချိန် ညပိုင်းက မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

သမ္မတဗလာဒီမာပူတင်နဲ့ နှစ်နိုင်ငံရဲ့နိုင်ငံတကာအခြေအနေအရပ်ရပ်ကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့သလို ရုရှား အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်တို့နဲ့လည်းတွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေးတို့အတွက် ဆွေးနွေး နိုင်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်များစွာကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဒီခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့နဲ့ နိုဗာစီဘစ်ရ်စ်ခ်မြို့တွေမှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို တရားဝင် ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် နှစ်ဖက်အကြား ဆွေးနွေးဖလှယ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်မီဖို့ ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက်မပြတ် ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါ တယ်။ သမ္မတမစ္စတာဗလာဒီမာပူတင်ကိုလည်း အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ဖို့အတွက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ကြားခဲ့ပါတယ်။