မြေငလျင်ကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာနိုင်ငံက ရပ်ရွာလူထုတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် အရေးကြီး ထောက်ပံ့ရေးပစ္စည်းတွေ ၅၅ တန် တင်ဆောင်လာတဲ့ ဒုတိယမြောက်လေယာဉ်ဟာ ဧပြီ ၉ ရက်က ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂက စီစဉ်ပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ အရေးပေါ် အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ လိုအပ်နေသူတွေကို ကူညီဖို့ အခြားအရေးကြီး ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အီတလီနိုင်ငံက လူသားချင်းစာနာမှု အဖွဲ့အစည်းဖြစ်တဲ့ Cesvi Onlus က အဲဒီ အထောက်အပံ့တွေကို လိုအပ်မှုအပေါ် အခြေခံပြီး သက်ဆိုင်ရာဒေသတွေကို စနစ်တကျ ဖြန့်ဝေသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ဥရောပသမဂ္ဂရဲ့ ပထမအကြိမ် ထောက်ပံ့ကူညီမှုအဖြစ် တန်ချိန် ၈၀ ခန့်ရှိတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေဟာ မကြာသေးမီက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး လိုအပ်သူတွေဆီ ဖြန့်ဝေပေးနိုင်ဖို့ UNICEF ကို လွှဲပြောင်းပေးအပ် ခဲ့ပြီး ဖြစ်ပါတယ်။ဥရောပသမဂ္ဂအနေနဲ့ မြေငလျင် အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့ပေးမှာ ဖြစ်တယ် လို့ ကြေညာထားသလို မြေပြင်ပေါ်ရှိ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အမှန်တကယ် အရေးတကြီး လိုအပ်သူအားလုံးဆီကို အကူအညီ ရောက်ရှိစေဖို့ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။