မြန်မာကုန်တင်သင်္ဘောနစ်မြုပ်မှုကြောင့် ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေ ပျက်စီးခဲ့မှုအတွက် မြန်မာကုန်တင်သင်္ဘောပိုင်ရှင်ဆီကနေ လျော်ကြေး ဘတ် ၁၂ သန်း (အမေရိကန်ဒေါ်လာ အနေနဲ့ ဒေါ်လာ ၃ သိန်း ၆ သောင်းကျော်)ကို ပေးဆောင်ဖို့ ထိုင်းအာဏာပိုင်တွေက တောင်းဆိုထားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khodsod English သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က MV.AYAR LINN လို့ အမည်ပေးထားတဲ့ မြန်မာကုန်တင်သင်္ဘောဟာ ထိုင်းနိုင်ငံ၊ အန်ဒမန် ကမ်းရိုးတန်းမှာရှိတဲ့ ဆူရင်ကျွန်း အမျိုးသား ဥယျာဉ်က သန္တာကျောက်တန်းတွေကို တိုက်မိခဲ့မှု ဖြစ်ပွားခဲ့တာပါ။ သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဘတ် ၁၂ သန်းဝန်းကျင်ရှိပြီး ဒီသန္တာကျောက်တန်းတွေကို ပြုပြင်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက လျော်ကြေးတောင်းနေတာ ဖြစ်ပါတယ်။ဆူရင်ကျွန်း အမျိုးသား ဥယျာဉ်ဟာ ထိုင်းနိုင်ငံရဲ့ သန္တာကျောက်တန်းတွေနဲ့ အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲတွေ အများ အပြားရှိတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များ ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ချောင်ဆန်းဆာက မနေ့က ဇွန်လ ၄ ရက်မှာ ဒီဖြစ်ရပ်ကြောင့် ပျက်စီး ဆုံးရှုံးမှုတွေကို ကြေညာခဲ့ပြီး သန္တာကျောက်တန်း စတုရန်းမီတာ ၁၅၀ ဝန်းကျင် ပျက်စီးခဲ့သလို သန္တာမျိုးစိတ် ခြောက်ခု ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘောဟာ လက်ရှိအချိန်ထိ သောင်တင်နေဆဲဖြစ်တဲ့အတွက် သင်္ဘောပေါ်မှာပါတဲ့ ဘိလပ်မြေအိတ် ၃,၀၀၀ ကျော် ပင်လယ်ထဲ ပြုတ်ကျလာမှာနဲ့ ဒီဘိလပ်မြေတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ သင်္ဘောပေါ်ပါတဲ့ ကုန်စည်တွေကတော့ တရားဝင်ကုန်စည်တွေဖြစ်တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ သင်္ဘောပိုင်ရှင်က လက်ရှိအချိန်အထိ ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ သိရပြီး ထိုင်းအာဏာပိုင်တွေကတော့ ပိုင်ရှင်နဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေပါတယ်။