ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားဟာ ဩဂုတ် ၁၂ ရက်က စတင်တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
သံအမတ်ကြီး မစ္စ မာကျားဟာ ရောက်ရှိချိန်မှာ မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက တာဝန်ရှိ အရာရှိတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဓိက သံတမန်အရာရှိတွေက လေဆိပ်မှာ ကြိုဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မစ္စ မာကျားဟာ အယောက် ၂၀ မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စ ကောင်းဖျင်ဟာ ဩဂုတ် ၁၂ ရက်က ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ခန့်အပ်လွှာ လာရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။