မြန်မာနိုင်ငံထဲကလူတွေ ကောင်းကျိုးဖြစ်စေဖို့ ကန့်သတ်ချက်တွေ မထားဘဲ မြန်မာနိုင်ငံသား အားလုံးကို လူသား ချင်းစာနာမှုအကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံက တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြောင်း ဝန်ကြီးချုပ်အန်ဝါ ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Prime Minister Datuk Seri Anwar Ibrahim(ဒါတွတ်ဆရီအန်ဝါအစ်ဘရာဟင်)က ဗီယက်နမ် ဝန်ကြီးချုပ် ဖင်မင်ချိန်းနဲ့ ပြုလုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကိစ္စကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့တာပါ။ဒီကိစ္စအပြင် ခေါင်းဆောင်နှစ်ယောက်ဟာ အမေရိကန်ရဲ့ကုန်သွယ်ရေးအကောက်ခွန်တွေနဲ့ပတ်သက်လို့လည်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အာဆီယံပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။အမေရိကန်က ချမှတ်ထားတဲ့ ကုန်သွယ်ရေးအကောက်ခွန်တွေနဲ့ပတ်သက်ပြီးတော့ နှစ်နိုင်ငံအကျိုးရှိမယ့် အဖြေ ရရှိအောင် ကြိုးပမ်းတဲ့အနေနဲ့ မလေးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး တန်ဂူဒတ်တွတ်ဆရီဇာဖရူးလ်(Tengku Datuk Seri Zafrul)ကို ကိုယ်စားလှယ်အဖြစ်စေလွှတ်ထားတယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံအနေနဲ့ အပြန်အလှန်လေးစားမှု ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးရှိစေမဲ့ မူဝါဒတွေအပေါ် အခြေခံပြီး ဒေသတွင်းနိုင်ငံတွေနဲ့ကော ကမ္ဘာတစ်ဝန်းက နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ခိုင်မာ အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလိုကြိုးပမ်းလုပ်ဆောင်မှုတွေကြောင့် ဒေသတွင်း နိုင်ငံအားလုံးက ပြည်သူတွေအတွက် ငြိမ်းချမ်းရေး စီးပွားတိုးတက်မှုနဲ့ လူမှုရေးသဟဇာတတွေ ရလာလိမ့်မယ်လို့ ဝန်ကြီးချုပ်အန်ဝါက မျှော်လင့်ထားတယ်လို့ ပြောပါတယ်။