သဘာဝဘေးကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ကာလမှာ မျှတပြီးလက်တွေ့ဆန်တဲ့ ချဉ်းကပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။အခုလို သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရချိန်မှာ တချို့နိုင်ငံတွေရဲ့ အက်ကြောင်းထင်နေတဲ့ ပြစ်တင်ဝေဖန် မှုတွေကို ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေ အခုချိန်မှာ အမှန်တကယ် လိုအပ် နေတာက ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘောဆောင်တဲ့ ထိတွေ့ဆောင်ရွက်မှုနဲ့ တစ်သားတည်းဖြစ်မှုတို့သာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆယ်စုနှစ် ၃ ခု ကျော်ကြာပြီဖြစ်တဲ့ အထူးအစီရင်ခံစာတင်သွင်းသူလို လက်တွေ့တန်ဖိုး ကင်းမဲ့ပြီး ထိရောက်မှုမရှိတဲ့ လုပ်ပိုင်ခွင့်တွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် သေ ဆုံးခဲ့ကာ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ပြင်းထန်စွာထိခိုက်ခဲ့တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မှာရှိတဲ့ ငလျင်ဘေးသင့်နေရာတွေကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ အဲဒီလို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ကူညီပံ့ပိုးလိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အထောက်အပံ့တွေ ပေးအပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အစိုးရအနေနဲ့ ငလျင်ဘေးသင့်ရာနေရာတွေကို အစားအစာတွေ၊ ဆေးဘက်ဆိုင်ရာအကူအညီပေးတာ၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးတာနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ခြင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းရဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။ အရေးပေါ်ကာလမှာ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိကြောင်း ပြသပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြတဲ့ ကုလသမဂ္ဂလအေဂျင်စီတွေ အပါအဝင် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။