တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့မှာ ဩဂုတ် ၁၅ ရက်က ကျင်းပတဲ့ (၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန် တို့က ပူးတွဲဥက္ကဋ္ဌတွေ အဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီး ယား၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာတော့ “ရွှေရောင်ဆယ်စုနှစ်၊ စည်းလုံးညီညွတ်မှု နဲ့ ပိုမိုကောင်းမွန်တဲ့ အသိုက်အဝန်း တည်ဆောက်ရန် ဆက်လက်ကတိပြုခြင်း” ခေါင်းစဉ် နဲ့ ကျင်းပခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရဲ့ ဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေအပေါ် သုံးသပ်ဆွေးနွေးကာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အစီအ စဉ်တွေ နဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အနာဂတ် ပုးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ စိုက်ပျိုးရေး၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ တိုက် ဖျက်ရေး၊ ရေအရင်းအမြစ်၊ ရာသီဥတု ပြောင်းလဲမှု နဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပြည်သူအချင်းချင်း အပြန်အ လှန် ဖလှယ်ရေး စတဲ့ နယ်ပယ်တွေမှာ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးပြောကြားခဲ့ ပါတယ်။အဲဒီနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နဲ့ တစ်ဆက်တည်း ကျင်းပတဲ့ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ဆွေးနွေးပွဲ ကို ပါဝင် တက်ရောက်ပါတယ်။

ဆွေးနွေးပွဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ အကြားနယ်စပ် ဒေသ တစ်လျှောက် လုံခြုံရေး နဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့ နဲ့ တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး နဲ့ လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းတိုက်ဖျက်ရေးတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ အမြင်ချင်း ဖလှယ်ဆွေးနွေးပါတယ်။ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင် ဆောင်ရွက်နေတဲ့ ကိစ္စ အပါအဝင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းပြောကြားရာ တရုတ်၊ လာအို နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အထွေထွေရွေး ကောက်ပွဲ ကျင်းပမယ့် ကိစ္စ နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို ထောက်ခံ အားပေးခဲ့ကြပါတယ်။မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၁၆ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းစဉ် ဖြစ်ပြီး မဲခေါင်ဒေသခွဲ နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတို့ ပါဝင်ပါတယ်။မြန်မာနိုင်ငံရဲ့ အမျိုးသား ဘက်စုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အထောက်အကူပြုနိုင်စေဖို့ အတွက် မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေ စီမံကိန်း (၁၃၂) ခုအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းကို မြန်မာနိုင်ငံကို ထောက်ပံ့ခဲ့ပါတယ်။