နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ မကြာမီ ရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မှာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နဲ့ တွေ့ဆုံ ဆွေးနွေးတာ ရုရှားနိုင်ငံ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံဆွေးနွေးတာ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဆွေးနွေးတာ အပါအဝင် ရုရှားအစိုးရ အဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရ နဲ့ ပြည်သူတွေ အကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေ နဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အဲဒီအပြင် ခရီးစဉ်မှာ နှစ်နိုင်ငံ အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ MoU တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီ ချစ်ကြည်ရေးခရီးစဉ်ကိုတော့ နစက အဖွဲ့ဝင်တွေ နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ နဲ့ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားမယ်လို့လည်း သိရပါတယ်။နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလတုန်းကလည်း ရုရှားနိုင်ငံကို ခရီးစဉ် သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။