နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ဖို့အတွက် မတ်လ၆ရက်၊ ဒေသစံတော်ချိန် ညနေ၃နာရီက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကနေ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

ခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့က အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်ကို အတူလိုက်ပါလာကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။