နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့ရဲ့ ဖိတ်ကြားချက်အရ ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့က အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီချစ်ကြည်ရေးခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ၄ရက်က မော်စကိုမြို့၊ ကရင်မလင်နန်းတော်မှာ သမ္မတဗလာဒီမာပူတင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။