ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ၇ရက် ဒေသစံတော်ချိန် မနက်၁၁နာရီက မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန်းဒါး လူကာရှန်းကော့နဲ့တွေ့ဆုံပါတယ်။

ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘီလာရုစ်နိုင်ငံသမ္မတက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပါတယ်။အဲဒီနောက် သီးသန့်တွေ့ဆုံဆွေးနွေးရာမှာ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနဲ့နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စတဲ့ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေး ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုခိုင်မာအားကောင်းလာမယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ-ဘီလာရုစ် ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။အဲ့ဒီနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာမှာ နှစ်နိုင်ငံအလှမ်းကွာဝေးပေမယ့်လည်း သံတမန်ဆက်ဆံရေးနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာဆက်ဆံရေးတွေရှိတဲ့ နိုင်ငံတွေဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုရှိတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ကြောင်း၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးမယ့်အခြေအနေတွေ၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွေအကြား ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေတွေ၊ နို့ထွက်ပစ္စည်းတွေထုတ်လုပ်တာ၊ စက်မှုကုန်ကြမ်းသီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာတွေ ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ အခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးကြပါတယ်။

ဆက်လက်ပြီး နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးလဲလှယ်တဲ့ အခမ်းအနားကို ကျင်းပရာမှာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးတို့က သဘောတူလက်မှတ်ရေးထိုးထားတဲ့ မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံအကြား အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာတွေ၊ အားကစားကဏ္ဍ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနဲ့ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေကို လဲလှယ်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာ နှစ်နိုင်ငံအကြီးအကဲတွေဟာ နှစ်နိုင်ငံပူးတွဲကြေညာချက်တွေကို မီဒီယာတွေကို ပြောကြားပါတယ်။မီဒီယာတွေနဲ့တွေ့ဆုံပြောကြားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတမစ္စတာအလက်ဇန်းဒါး လူကာရှန်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။