ဘီလာရုစ်သမ္မတ မစ္စတာလူကာရှန်းကော့ရဲ့ ဖိတ်ကြားချက်အရ ဘီလာရုစ်နိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ၆ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရိုင်ဇန်ကော့ဗ်၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်နိုင်ငံသံအမတ်ကြီး မစ္စတာအူလက်ဇီမာ ဘာရာဗီကို၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနဲ့ တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုအလေးပြုမှုကို ခံယူပါတယ်။

ခရီးစဉ်အတွင်း ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဘီလာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့က အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။