ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အမှတ်(၂) ဘနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မေ ၇ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ ကျော်လောက်က ရောက်ရှိပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေ ရူဒန်ကိုနဲ့ တာဝန်ရှိသူတွေ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့က ကြိုဆိုနှုတ်ဆက်ကြပြီး ရုရှားနိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲရဲ့ အလေးပြုမှုကို ခံယူပါတယ်။ချစ်ကြည်ရေးခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာ ဘရွှေနဲ့ ခွန်စံလွင် ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဝန်ကြီးတွေနဲ့ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါလာကြပါတယ်။

ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၉ ရက် မှာ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ် အခမ်းအနားတွေကို တက်ရောက်သွားမှာ ဖြစ်သလို အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမှာပါ။ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဇနီး ဒေါ်ကြူကြူလှကလည်း ရုရှား နိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကိုနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။