ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးမစ္စတာ အန်ဒရေရီမိုဗစ်ချ်နဲ့ မတ်လ၅ရက်၊ မနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေနဲ့ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရှိုးဂူး၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ရုရှားတပ်မတော်က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ကြပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍမှာ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်နေမှုနဲ့ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။