ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ဆုံပြီး တရုတ်နဲ့မြန်မာ နှစ်နိုင်ငံလေ့ကျင့်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးမှုကိုတော့ စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံလေ့ကျင့်ရေးပိုင်းဆိုင်ရာနဲ့ စစ်ဘက်ဆိုင်ရာတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကိုတော့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံစစ်သံမှူးနဲ့အတူ စစ်သံရုံးမှတာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။