ရုရှားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှု ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိ ခဲ့တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးလေယာဉ်ပေါ် မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ပြီး သံတမန်ဆက်ဆံရေး ၇၅ နှစ်ကျော် ကာလကို ရောက်လာပြီဖြစ်တဲ့အတွက် ထူးခြားတဲ့ ဆက်ဆံရေး ရှိတဲ့ နိုင်ငံဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တရုတ်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အားပေးတဲ့ အကြောင်း ကိုလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံ အကောင် အထည်ဖော် မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်း တရုတ်သမ္မတကြီးက ထပ်လောင်းပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။