ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား တစ်ထောင်ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံ တို့က ကိုယ်စားလှယ်တွေက ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ နစက သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်ထိ မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်း တရား မဝင် အွန်လိုင်း လောင်းကစားမှုတွေ အွန်လိုင်းလိမ်လည်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို စစ်ဆေးဖော် ထုတ်ခဲ့ရာ ပြည်ပနိုင်ငံသား ၁၀၃၀ ယောက်ကို ထိန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီး ကြပ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် နဲ့ တာဝန်ရှိသူတွေ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးရီ နဲ့ တာဝန် ရှိသူတွေ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကအထွေထွေအတွင်းရေးမှူး နဲ့ တာဝန်ရှိသူတွေဟာ ဖေ ဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက မြဝတီမြို့ကို ရောက်ရှိနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သုံးနိုင်ငံက ကိုယ်စားလှယ်တွေဟာ မြဝတီမြို့မှာ ထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံ တွေကို အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့တယ်လို့လည်း သိရ ပါတယ်။

ထိန်းသိမ်းခဲ့တဲ့ ပြည်ပနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေက တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် ထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသားတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ နဲ့ မှတ်တမ်းတွေကို စာရင်း ကောက်ယူပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။နိုင်ငံတော်အနေနဲ့လည်း မြဝတီ-ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေ နဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို အမြန်ဆုံး စစ်ဆေးဖော် ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်နိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။