မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး တစ်လအကြာအထိ ပြည်သူတွေဟာ ငလျင်နောက်ဆက်တွဲ အကျိုးဆက် အခက်အခဲတွေကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ငလျင်ဒဏ်သင့်ဒေသတွေက မိသားစုတွေဟာ တစ်လအကြာအထိ ယာယီတဲတွေမှာ ဆက်လက်နေထိုင်ကြရ ဆဲဖြစ်ပြီး သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုတွေလည်း လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့အကူအညီတွေကို အစိုးရက ဆောင်ရွက်ပေးနေပြီး ပြည်တွင်းပြည်ပကလည်း လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးအပ်နေပါတယ်။ဒီအပြင် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အရေးတကြီးလိုအပ်တဲ့အကူအညီတွေကို ဆက်လက် ပေးအပ်နေတယ်လို့သိရပါတယ်။ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သူတချို့ဆီ အကူအညီတွေပေးနိုင်ခဲ့ပေမယ့် အများစုမှာတော့ ခိုလှုံစရာနေရာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက လိုအပ်နေဆဲဖြစ်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။