အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က မြန်မာ့ငလျင်ဘေးအတွက် ကုလသမဂ္ဂအေဂျင်စီ ၃ ခုကတစ်ဆင့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကူညီသွားမယ်လို့ ဇွန်လ ၁၇ ရက်က ထုတ်ပြန်ပါတယ်။အဲဒီကူညီထောက်ပံ့ငွေတွေကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီပေးအပ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အစီအစဉ်မှာ အရေးပေါ်အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှု၊ အစားအသောက်၊ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာအကြံပေး ကူညီထောက်ပံ့မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။အဲဒီအပြင် ယာယီသင်ကြားရေးနေရာတွေ ပြုပြင်တာ၊ ရပ်ရွာစာကြည့်တိုက်တွေစီစဉ်ပေးတာ၊ ကုန်ထုတ်လုပ်မှု၊ ရေပေးဝေစနစ်နဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွေ ပေးအပ်တဲ့ အကူအညီတွေလည်း ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။မတ်လ ၂၈ ရက် ငလျင်မလှုပ်ခင်က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ ၂၀၂၅ လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်အရ လူပေါင်း ၄ ဒသမ ၃ သန်းဟာ အကူအညီနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေ အရေး ပေါ်လိုအပ်ကြောင်း ခန့်မှန်းထားပြီး ငလျင်လှုပ်ခတ်ပြီးချိန်မှာ လူပေါင်း ၆ ဒသမ ၃ သန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ငလျင်ကြီးလှုပ်ခတ်အပြီးမှာ အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ သန်း ကနဦးထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာ့စီးပွားရေးက အခုဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။