ငလျင်အရေးပေါ် ကူညီကယ်ဆယ်ရေးအစီအစဉ်အတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၅ သန်း အနက် အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၇ သန်းလောက်ပဲ လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UN Myanmar က ထုတ်ပြန်ပါတယ်။ငလျင်ဘေးသင့် မြန်မာပြည်သူ ၁ ဒသမ ၁ သန်း ကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အမေရိ ကန်ဒေါ်လာ ၂၇၅ သန်း လိုအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ပုံငွေအခက်အခဲကြားက ကုလသမဂ္ဂ နဲ့ မိတ်ဖက်အဖွဲ့များတွေက စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အမိုးအကာ၊ ရေ၊ အိမ်သာ နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အကူအညီတွေကို ပိုမိုတိုးမြှင့် ဖြန့်ဝေပေးနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုလည်း ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ၂လ အကြာအထိ ငလျင်ဘေးသင့်မိသားစု တွေဟာ နေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်ဖို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်သလို ပြန်လည်ထူထောင်ရေး အတွက် ဆက်လက်ရုံးကန်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။မန္တလေး နဲ့ စစ်ကိုင်းတို့က နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မိသားစုထောင်ချီဟာ ယာယီခိုလှုံရာ နေရာတွေမှာ ဆက်လက် နေထိုင်နေရဆဲဖြစ်ပြီး ယာယီစခန်းတွေဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံဖို့ စိတ်မချရတဲ့ အတွက် မိုးဦးကျလာချိန်မှာ ငလျင်ဘေးဒဏ်ခံထားရသူတွေအတွက် အန္တရာယ်လည်း ပိုများလာတယ်လို့ ဆိုပါ တယ်။

ယာယီစခန်းနေရာတွေနဲ့ ပြန်လည်အခြေချရာ နေရာတွေမှာ သောက်သုံးရေ၊ ပတ်ဝန်းကျင် သန့်ရှင်းမှုနဲ့ ရေဆိုး ထုတ်စနစ်တွေ လုံလောက်စွာမရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး သန့်ရှင်းမှုအားနည်းတဲ့အတွက် ကျန်းမာရေးအန္တရာယ်တွေလည်း တိုးလာတယ်လို့ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်အပြီးမှာ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်ရဲ့ နောက်ဆက်တွဲ အရေးပေါ် အဆိုပြုလွှာကို UNOCHA က ရေးဆွဲ ခဲ့တယ်လို့ သိရပါတယ်။အဲဒီအရေးပေါ်အဆိုပြုလွှာကနေ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၇၅ သန်းကို အဆိုပြုထားတာဖြစ်ပါတယ်။