မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင်အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ထိုင်းနိုင်ငံကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ နစက သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လွှဲပြောင်းပေးအပ်မှုကိုတော့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ ကနေတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကို ရှေးရှုပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။လွှဲပြောင်းပေးအပ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဝန်ခံချက်တွေအရ အများစုဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန် ကောက်မြို့၊ အဲဒီကတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ရောက်ရှိကာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်း ကိုယ်စားလှယ်တွေက သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ခေါ်ဆောင်လာပြီး မြဝတီ-KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်း လောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စေခိုင်းခံခဲ့ ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက် လာတဲ့ ပြည်ပနိုင်ငံသား ၁၅၅၃ ယောက်ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး အမြန်ဆုံး ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်ကလည်း မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ အွန်လိုင်း လိမ်လည်မှုနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ အဓမ္မ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား ၃၉ ယောက် အပါအဝင် နိုင်ငံခြားသား ၆၁ ယောက်ကို စစ်ဆေးဖော်ထုတ်ပြီး ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေဆီ လွှဲပြောင်း ပေးအပ်ခဲ့ပါသေးတယ်။