ရုရှားနဲ့မြန်မာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ကျယ်ပြန့်စွာ ဆောင်ရွက်နေတယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းမှုမှာ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။ရုရှားနဲ့မြန်မာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ဟာ ကာကွယ်ရေး ကဏ္ဍတင်မကဘဲ သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေ ပူးပေါင်းဆောင်ရွက်နေပြီး ဆွေးနွေးနေတဲ့ ကိစ္စတွေလည်း ရှိနေတယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ခရီးစဉ်တုန်းက နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဆွေးနွေးသဘောတူခဲ့တာရှိပြီး လုပ်ဆောင်နေမှုတွေလည်း ရှိတယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဆက်လက်ပြီး ရုရှားနဲ့မြန်မာ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ရမယ့် နယ်ပယ်တွေလည်း များစွာ ရှိနေ သေးတယ်လို့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားခဲ့ပါတယ်။