အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်အထောက်အထားတွေနဲ့ နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်ဖို့ ဝါရှင်တန်မြို့ မြန်မာသံရုံးက ဖေဖော်ဝါရီ ၅ ရက်စွဲနဲ့ အသိပေး ကြေညာပါတယ်။အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးတာ စတာ တွေ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင် မယ့် အနေအထားတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကာယကံရှင်တွေရဲ့ ပုဂ္ဂလိကအစီအစဉ်နဲ့ နေထိုင်ခွင့် ရရှိရေး ကြို တင်ဆောင်ရွက်ဖို့ အသိပေး အကြောင်းကြားတာ ဖြစ်ပါတယ်။

နေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင် ရောက်ရှိနေသူ ဖြစ်ရင် အိမ်ရှင်အစိုးရရဲ့ တာဝန်ရှိသူတွေက ပြည်နှင်ချိန်မှ ထွက်ခွာတာထက် ကြိုတင်ထွက်ခွာသင့်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံ အပြန်ခရီးအတွက် ခရီးသွား လက်မှတ်အမျိုးအစားတွေ မရှိရင် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်ဟာ ကာလကြာမြင့်စွာ သက်တမ်းလွန်နေရင် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားနိုင်တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

လျှောက်ထားဖို့ ပုံစံ နဲ့ လိုအပ်ချက်တွေကို သံရုံးရဲ့ ဝက်ဘ်ဆိုက်ကနေရယူ ဖြည့်စွက်နိုင်ပြီး အီးမေးလ်/ ဖုန်း တို့နဲ့ လည်း ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။