အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို လျာထားသတ်မှတ်ပြီး ဖြစ်တဲ့အတွက် အချိန်မီ ကြိုတင်ထုတ်ပြန် ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားထားပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်မှာ ကျင်းပမယ်လို့ ပြောကြားထား တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အတိအကျ သတ်မှတ်ထားပြီးလားလို့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေ ကြားခဲ့တာပါ။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်ကြေညာပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်း စိစစ်ပြီးချိန်မှာ မဲဆွယ်စည်းရုံးရေး ကာလကို သတ်မှတ်ကြေညာသွားမှာ ဖြစ်တယ်လို့ ဖြေကြားချက်မှာ ဖော် ပြထားပါတယ်။လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးစည်းရုံးမယ့် ပါတီ ၉ ပါတီရှိပြီး ၃ ပါတီသာ သတ်မှတ် ရုံးခန်းအရေအတွက်အတိုင်း ဖွင့်လှစ်ထားနိုင်ကာ ကျန် ၆ ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်ပြီး ကော်မရှင်က အမိန့်ကြော်ငြာ စာထုတ်ပြန်တဲ့ နေ့ရက်အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီရေး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖြေကြားထားပါတယ်။

အလားတူ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ စည်းရုံးမယ့် ပါတီ ၄၅ ပါတီရှိပြီး ၁၉ ပါတီသာ သတ် မှတ်ရုံးခန်းအရေအတွက်အတိုင်း ဖွင့်လှစ်ထားနိုင်ကာ ကျန် ၂၆ ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်ပြီး ကော်မရှင်က အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်တဲ့ နေ့ရက်အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖြေကြားထားပါတယ်။နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ ပါတီတွေ ရုံးခန်းဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပါတီရဲ့ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေး ကောင်းမွန်တဲ့ မြို့နယ်ရုံးတွေမှာ ယာယီ တွဲဖက် ဖွင့်လှစ်ခွင့်ပြုထားတယ်လို့လည်း ဖြေကြားချက်အရ သိရပါတယ်။ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီအတွက် ဖြေလျှော့ဆောင်ရွက်မှုတွေ ပြုလုပ်ပေးပြီး ဖြစ်တယ်လို့လည်း ဖြေကြားထားပါတယ်။