ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးကို တာဝန်ပေးအပ်လိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဧပြီ ၈ ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့အညီ ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုအခါ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ပိုမိုအထောက်အကူပြုနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးကို ကော်မရှင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပသွား မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထားပါတယ်။