ရွေးကောက်ပွဲကို အခုနှစ်ဒီဇင်ဘာ ဒါမှမဟုတ် လာမယ့်၂၀၂၆ ဇန်နဝါရီမှာ အစောဆုံးကျင်းပနိုင်ဖို့ စီစဉ်ထားတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။မတ်လ၇ရက်၊ ဒေသစံတော်ချိန်နေ့လယ်ပိုင်းက ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်မှာ သမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်းကော့နဲ့ တွေ့ဆုံဆွေးနွေးအပြီး သတင်းထုတ်ပြန်ရာမှာ အခုလိုပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ၅၃ပါတီက မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲကို ဘီလာရုစ်နိုင်ငံက လေ့လာရေးအဖွဲ့တွေ လာရောက်လေ့လာကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ကြားလိုက်ပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်းကော့နဲ့ သီးသန့်တွေ့ဆုံခဲ့သလို နှစ်နိုင်ငံဆွေးနွေးပွဲလည်း ပြုလုပ်ခဲ့ပြီး သမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။