လာမယ့် အထွေထွေရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ကျင်းပနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားတယ်လို့ နိုင်ငံရေးပါတီတွေက One News ကိုပြောပါတယ်။နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက သုံးပုံ တစ်ပုံကျော်ဖြစ်တဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေ ရှိတာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ ပြောကြားထာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦး တည်ငြိမ်အေးချမ်းမှုရှိတဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပပြီးရင်တော့ ကျန်တဲ့ မြို့နယ် တွေမှာတော့ အပိုင်းလိုက် ကြားဖြတ်ရွေးကောက်ပွဲပုံစံနဲ့ ဆက်လက်ကျင်းပနိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။ ရွေးကောက်ပွဲကို မြို့နယ် ၁၀၀ ကျော်မှာ ကျင်းပနိုင်မယ်ဆိုရင် လွှတ်တော်ခေါ်ယူဖို့ လျာထားချက် ပြည့်မီနိုင် တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကာလကို အတိအကျ မပြောသေးသလို ဘယ်မဲဆန္ဒနယ် တွေမှာ ကျင်းပမလဲဆိုတာလည်း အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါ တယ်။ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ကျင်းပမယ်လို့ ပြောဆိုထားတဲ့အတွက် အခုနှစ်အတွင်း ကျင်းပနိုင် ဖို့ မျှော်လင့်ထားတယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီ ရှိပြီး အဲဒီထဲက ၉ ပါတီကသာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ကြမှာဖြစ်ပေမယ့် ကျန်တဲ့ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့ ၉ ပါတီထဲ မှာတော့ ပါတီအချို့က ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်း ဖွင့်လှစ်နိုင်မှု မပြည့်မီသေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ အခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပြောဆိုထားပြီး နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ စိန်ခေါ်မှုများစွာ ရှိနေ သေးတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးမှာ ပြောကြားခဲ့တာ ရှိပါတယ်။