မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ လက်ခံတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးလေယာဉ်ပေါ် မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

မိမိအနေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကိုသွားဖို့ လက်ခံထားပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အခုနှစ်ကုန်မှာ ဆောင်ရွက်နိုင်တယ်ဆိုတဲ့အကြောင်း ရှင်းပြထားပြီး ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး ရုရှားခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်တချိုနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ ဆွေးနွေးတဲ့သူအားလုံးက လက်ခံပြီးတော့ အားပေးထောက်ခံမှုရှိတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေး အင်အားရှိဖို့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်တွေ အခုထက်ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါမှသာ ပြည်သူတွေအားလုံးဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုတာလည်း တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။