ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီးဆက်လက်ဆောင်ရွက်စေလိုတယ်လို့ နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာပါ။ရွေးကောက်ပွဲအပြီး ပြညသူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ အဆင့်နဲ့အညီလွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိရမှာဖြစ်ပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်တွေအရ လူဦးရေကျဆင်းနေတာကိုတွေ့ရပြီး ရွေးကောက်ပွဲကျင်းပရာမှာလည်း အတိုင်းအတာတစ်ခုအနေနဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။