ရှမ်းပြည်နယ် မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာ တွေအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောပါတယ်။
ဩဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။
တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခုလို တွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ နှုတ်ခွန်းဆက် စကားပြောကြားပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး နဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံ ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်နေမှု နဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတွေကို ထောက်ခံပါကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တည်ငြိမ်းအေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေနဲ့ အလေးထား ပူးပေါင်းဆောင်ရွက်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်တယ်လို့လည်း မစ္စတာ ဝမ်ယိက ပြောကြားခဲ့ပါတယ်။