ဒစ်ဂျစ်တယ်အစိုးရအဖြစ် e-Governmentရဲ့ ပုံရိပ်ကိုတိုးမြှင့်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြဖို့လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၂၆ ရက်က ပြုလုပ်တဲ့ e-Government ဦးဆောင်ကော်မတီအစည်းအဝေးမှာ ဦးဆောင်ကော်မတီ နာယကလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။
ပြည်သူဗဟိုပြုတဲ့ e-Government ဝန်ဆောင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားထားပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့ UN e-Government ဖွံ့ဖြိုးမှုအညွှန်းကိန်း(EGDI)မှာ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ခုနှစ်မှာ အဆင့် ၁၆၉ ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ အဆင့်၁၃၄ ဖြစ်လာသလို အစိုးရက ဆုံးဖြတ်ချက်ချတဲ့အခါ ပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ ထင်မြင်ယူဆချက်တွေနဲ့ အကြံပြုချက်တွေ ပါဝင်မှုနှုန်းကိုပြသတဲ့အညွှန်းကိန်း (EPI)မှာလည်း ၂၀၁၆ခုနှစ်မှာ အဆင့်၁၇၀ ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ အဆင့်၁၁၇ ဖြစ်လာတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။