အခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေးဟာ ၃ ဒဿမ ၃ ရာခိုင်နှုန်းရှိတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်ကလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
နစကအနေနဲ့ စတင်တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံ့စီးပွားရေးက အနုတ် ၅ ဒဿမ ၉ ရာခိုင်နှုန်းအထိကျနေခဲ့ ပေမယ့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ၂ ဒဿမ၄ ရာခိုင်နှုန်းကို ပြန်ရောက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ၃ဒဿမ၄ ရာခိုင်နှုန်း၊ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိဆိုရင်လည်း ၃ ဒဿမ ၃ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကလွဲပြီး ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စီးပွားရေးက အပေါင်းလက္ခဏာပြခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။