မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ဖို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၁၈ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်တဲ့ ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ၊ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။