နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)အနေနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေက နိုင်ငံသားတွေကျူးလွန်တဲ့ လုပ်ရပ်အပေါ် တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက နိုဝင်ဘာ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကို နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားတာနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့ မေးမြန်း မှုအပေါ် မစ္စ မော်နင်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ ရခိုင်ပြည်နယ် အရေးကိစ္စဟာ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး နောက်ခံတွေအရ ရှုပ်ထွေးလှတဲ့ ကိစ္စဖြစ်ပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း မစ္စ မော်နင်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ရင်းနှီးတဲ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး အခြေအနေတွေတည်ငြိမ်ကာ အရှိန်တွေလျော့သွားစေဖို့ နိုင်ငံတကာ အသိုက်အဝန်း နဲ့အတူ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အတူဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် မည်သည့်အခါမှ အသိအမှတ် ပြုခြင်းမရှိဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားပါတယ်။