မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုဝင်ဘာ ၂၇ ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။ မူလဥပဒေ ပုဒ်မ၂၊ ပုဒ်မခွဲ(ထ)မှာပြဋ္ဌာန်းထားတဲ့ အသင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နေရာမှာ “အသင်းဆိုသည်မှာ မြန်မာနိုင်ငံစာရင်းကောင်စီ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဤဥပဒေအရ တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားသော စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း သို့မဟုတ် ယင်းအသင်းကိုဆက်ခံသည့် အဖွဲ့အစည်းကို ဆိုလိုသည်” လို့ ပြင်ဆင်ပြဋ္ဌာန်းထားပါတယ်။
အခုဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီဖွဲ့စည်းရာမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ချုပ်(အမြဲတမ်းအတွင်းဝန်)တို့ ပါဝင်လာပြီး စီးပွားရေးတက္ကသိုလ်တွေက ၅ ဦးထက်မပိုတဲ့ ပါမောက္ခချုပ်တွေ ပါဝင်ရမယ်ဆိုတဲ့ မူလဥပဒေပြဋ္ဌာန်းချက်ကို ၃ ဦးထက်မပိုတဲ့ ပါမောက္ခချုပ်တွေလို့ ပြင်ဆင်ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ပထမအကြိမ်ပြင်ဆင် သည့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။