နိုင်ငံခြားသားတွေကို ရှာဖွေကူညီတာ၊ ပြည်နှင်လွှဲပြောင်းတာတွေ ဆောင်ရွက်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေး လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက သံရုံးအကြီးအကဲတွေ၊ သံတမန်တွေအကြား တွေ့ဆုံဆွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကို နိုဝင်ဘာ ၂၇ ရက်က နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းကတစ်ဆင့် လိမ်လည်မှုလုပ်ငန်း တွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု လူသားချင်းစာနာထောက်ထားမှုတို့ အပေါ် အခြေခံပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြည်နှင်လွှဲပြောင်း နိုင်ရေး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက ပြောပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က တာဝန်ရှိ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တားဆီးနှိမ်နင်းနေတယ်လို့ ဆိုပါတယ်။