မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် မည်သည့်အခါမှ အသိအမှတ် ပြုခြင်း မရှိဘူးလို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ရဲ့ ရှေ့နေချုပ်ကာရင်အေအေခန်က ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကို နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားတာနဲ့ပတ်သက်ပြီး VOA သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် အခုလို ပြန်လည်ဖြေကြားလိုက်တာပါ။
မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေပြီး နိုင်ငံတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးနေ တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားပါတယ်။