(၁၂)ကြိမ်မြောက် မြန်မာ-လာအို ဒေသဆိုင်ရာနယ်ခြားကော်မတီ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာရှိတဲ့ Eleven Hotel အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြား ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း ဦးဆောင်တဲ့အဖွဲနဲ့ လာအိုနိုင်ငံက ဗိုလ်မှူးကြီး ထောင်းခိုင် စီယာလာ့တ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးမြှင့်ဆောင် ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူတွေ လှေ/သင်္ဘော အသုံးပြု ပြီး ကုန်စည်ကူးသန်းသွားလာမှုမှာ ဘေးကင်းလုံးခြုံမှုနဲ့ အဆင်ပြေချောမွေ့မှု ရရှိစေရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်း တွေ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ နှစ်နိုင်ငံကိုယ်စားလှယ်တွေက တာချီလိတ် ရွှေတိဂုံ စေတီတော်နဲ့ မိုင်းဖုန်း(ခ)ကျေးရွာရှိ လွယ်ယွန်းခန်း စေတီတော်တွေကို သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြတယ် လို့ သိရပါတယ်။