အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်နဲ့ အာဆီယံပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၁၈)ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကိုတက်ရောက်မယ့် အာဆီယံရေတပ်အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်မှာလာရောက်ဂါရဝပြုတွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကိုလိုလားပြီး ဆက်လက်ခိုင်မြဲအောင်တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ အာဆီယံဒေသအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုတွေကို ပူးပေါင်းဆောင်ရွက်သင့်တဲ့အခြေအနေတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ထူထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံတွေကိုအပြန်အလှန်ဖလှယ်နိုင်ရေးနဲ့ သဘာဝဘေးအန္တရာယ်တွေကျရောက်ချိန်မှာ အာဆီယံရေတပ်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။