မြန်မာနိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို အခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားတွေကိုတိုးချဲ့သွားရမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ ၆ ရက်က အမှတ် ၃ ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှာကျင်းပတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်နဲ့ ၄၈ မီတာအမြန်သွားကင်းလှည့်ရေယာဉ်လေးစင်း တပ်တော်ဝင်ခြင်း အခမ်းအနားမှာပြောကြားခဲ့တာပါ။
ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ အခုလို များပြားတဲ့ရေကြောင်းဆိုင်ရာတာဝန်တွေကို ထမ်းဆောင်နိုင်ရေး နှစ်စဉ်တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ရေမိုင် ၁၃၀၀ ရှိတဲ့ ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ ရှိပြီး ရေပြင်နယ်နိမိတ်စတုရန်း ရေမိုင် ၁၄၃၁၁၀ ဒသမ ၇၂ ရှိတဲ့ မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို တိုးချဲ့သွားရမယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံရသလို ပင်လယ်ပြင်မှာလည်းပြည်တွင်း၊ ပြည်ပကုန်သွယ်ရေယာဉ်တွေကို စစ်ဆေးကြပ်မတ်ရတဲ့အတွက် ရေကြောင်းဆိုင်ရာဥပဒေ၊ နိုင်ငံတကာဥပဒေတွေ IMO စည်းမျဉ်းတွေ၊ မြန်မာနိုင်ငံကသဘောတူလက်မှတ်ရေးထိုးထားတဲ့ Convention တွေ စာချုပ်တွေကို သိရှိနားလည်ပြီး ဥပဒေတွေနဲ့အညီ တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။