၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းကို လာမယ့် ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတာကို အောက်တိုဘာ ၁ ရက်ကစပြီး နိုင်ငံတစ်ဝန်းမှာ စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ လောက်နဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူနေ တာ ဖြစ်ပါတယ်။
သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းကောက်တွေက တာဝန်ကျရာ စာရင်းကောက်ကွက် တွေမှာ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet နဲ့ ကွန်ပျူတာအထောက်အကူပြု လူတစ်ယောက်ချင်း ကောက်ယူတဲ့ CAPI(ကပ်ပီ) စနစ်နဲ့ စာရင်းကောက်ယူနေတာပါ။
သန်းခေါင်စာရင်း ကောက်ယူချိန်မှာတော့ အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု ကို မေးမြန်း ကောက်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်း ကောက်ယူရမယ့်ကာလကို ၁၅ ရက် သတ်မှတ် ထားပေမယ့် လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ရက်တိုးမြှင့် ကောက်ယူဖို့ လိုအပ်ရင် သက်ဆိုင် ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီတွေက တင်ပြ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားပြီး ဖြစ်ပါတယ်။