နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီးနှိမ်နင်းရာမှာ သတင်းလက်ဦးမှုရယူဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ၅ နိုင်ငံနဲ့အတူနယ်စပ်ဆက်ဆံရေးရုံးများ(BLO)ကွန်ရက်စနစ်တည်ထောင်ပြီး အစည်းအဝေးတွေကိုလည်း စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ဆောင်ရွက်သွားဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားပါတယ်။
အောက်တိုဘာ ၁ ရက်ကကျင်းပတဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာပါ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လထိ မြန်မာနိုင်ငံအတွင်းကို နိုင်ငံပေါင်း ၂၈ နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၅၄၄၃၃ ယောက်တို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင် ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
မူးယစ်ဆေးဝါးမှု၊ ဒေသတွင်းလူကုန်ကူးမှုခင်းတွေနဲ့ လူမှောင်ခိုမှုတွေ တားဆီးနှိမ်နင်းရေးစီမံကိန်းတွေမှာ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့တို့နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေပြီး ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြဖို့ကိုလည်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားပါတယ်။
ဒါ့အပြင် သစ္စာ၊ သမာဓိ၊ သတ္တိဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူကအထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရတဲ့စွမ်းရည်ရှိတဲ့ ရဲတပ်ဖွဲ့ ဖြစ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး ကြိုးပမ်းထမ်းဆောင်သွားကြဖို့ကိုလည်း တိုက်တွန်းမှာကြားခဲ့ပါတယ်။