နိုင်ငံတစ်ဝန်းလူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်၊ မနက်ပိုင်းက စတင်ကောက်ယူနေပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိသားစုကို သန်းခေါင်စာရင်းဆိုင်ရာ အချက် အလက်တွေကောက်ယူခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကသိရပါတယ်။
သန်းခေါင်စာရင်းကိုတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်တဲ့သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာမှာလာရောက်ကောက်ယူခဲ့တာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းတွေကိုမေးမြန်းရာ နစက ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့တယ်လို့သိရပါတယ်။
အလားတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နစကအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နစကတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးစတဲ့ မိသားစုတွေကိုလည်း လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို နေအိမ်တွေမှာသွားရောက်စာရင်းကောက်ယူခဲ့ပါတယ်။
သန်းခေါင်စာရင်းကရရှိတဲ့အချက်အလက်တွေဟာ နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးနဲ့သက်ဆိုင်ပြီး လူတစ်ယောက်ချင်းစီကနေ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကိစ္စရပ်တွေရဲ့ဘက်စုံ၊ ကဏ္ဍစုံအတွက်မဖြစ်မနေအခြေခံအသုံးပြုရတဲ့အချက်အလက်တွေ ဖြစ်တယ်လို့သိရပါတယ်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်သူအားလုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်းဖြစ်တာနဲ့အညီ အားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာ သိရှိရတဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးအခွန်ကောက်ယူတာ၊ အရေးယူတာတွေ လုံးဝပြုလုပ်မှာမဟုတ်သလို နိုင်ငံခြားကိုရောက်ရှိနေကြတဲ့ အိမ်ထောင်စုဝင်တွေအတွက်လည်း စိုးရိမ်ဖို့မလိုကြောင်းနဲ့ အရေးယူသွားမှာမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။