မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ကို ဇွန်လ၂၅ရက်ကနေ ၂၇ရက်အထိ နေပြည်တော်ရှိ MICC 2မှာ ကျင်းပသွားမှာဖြစ်တယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
ဇွန်လ၁၂ရက်ကပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလိုပြောကြားလိုက်တာပါ။
အခုနှစ်မှာ ကျင်းပမယ့်ညီလာခံကို တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ လူငယ်တွေပေါ်ထွန်းလာစေဖို့၊ အရည်အသွေးပြည့်ဝတဲ့ပညာတတ်တွေ မွေးထုတ်ပေးနိုင်ဖို့၊ ထုတ်လုပ်မှုကိုအားပေးတဲ့ သက်မွေးပညာတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ဆရာ/ဆရာမတွေရဲ့အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ဖို့၊ သုတေသနနဲ့ တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးအာမခံမှုရှိတဲ့ပညာရေးစနစ် ပိမိုအားကောင်းလာစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ်ညီလာခံမှာ ကဏ္ဍ၆ခုအတွက် စာတမ်း၃၆စောင်ဖတ်ကြားသွားမှာဖြစ်ပြီး စာတမ်းအရေအတွက်ထက် ရလဒ်ကောင်းရရှိနိုင်ရေး ဦးတည်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။